Saturday 11 August 2012

ဆောင်းပါး


ဥပုသ်သည် သုံးမျိုးရှိ၏ -
(က) ဂေါပါလက ဥပုသ်၊
(ခ) နိဂဏ္ဌ ဥပုသ်၊
(ဂ) အရိယာ ဥပုသ်။

(က) အစားအသောက်များကို မက်မောသေစိတ်ဖြင့် ရှစ်ပါး သီလ စောင့်ထိန်းပါက ဂေါပါလက ဥပုသ်မည်၏။ (ဂေါပါလက = နွားကျောင်းသား)

(ခ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မမှန်မကန် ဟောကြားသော နိဂဏ္ဌတို့စကားကို လိုက်နာ၍ ရှစ်ပါးသီလစောင့်ထိန်းပါက နိဂဏ္ဌဥပုသ်မည်၏။ (နိဂဏ္ဌ = တက္ကတွန်း။)

(ဂ) အရိယာ ဥပုသ်သည် - - ဗြဟ္မ ဥပုသ်၊ - ဓမ္မ ဥပုသ်၊ - သံဃ ဥပုသ်၊ - သီလ ဥပုသ်၊ - ဒေ၀တာ ဥပုသ်၊ ဟူ၍ ငါးမျိုးရှိ၏။

ဗြဟ္မ ဥပုသ်
ဦးခေါင်းကို တန်ဆာဆင်လိုသူသည် ခေါင်းကို စင်ကြယ်စွာ ဆေးလျော်ပြီး တန်ဆာဆင်မှ တင့်တယ်လှပသကဲ့သို့ ထို့အတူ သီလတန်ဆာ ဆင်မြန်းလိုသူသည် ရှေးဦးစွာ ဗုဒ္ဓဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေးသည်။ ဤဥပုသ်ကို ဗြဟ္မဥပုသ် ဟုခေါ်သည်။

ဓမ္မ ဥပုသ်
ဝတ်ကောင်းဝတ်သစ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ ညစ်ပတ်နေသည့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ရေချိုးပြီးမှ ၀တ်ကောင်း ၀တ်သစ်များကို ဆင်မြန်းမှ တင့်တယ်သကဲ့သို့ သီလတန်ဆာအ၀တ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ တရားဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဓမ္မဥပုသ် ဟုခေါ်သည်။

သံဃ ဥပုသ်
ဖြူစင်သောအ၀တ်များကို ၀တ်ဆင်လိုသူသည် ရှေးဦးစွာ ညစ်နွမ်းနေသော အ၀တ်များကို ဖြူစင်အောင်လျှော်ဖွတ်ပြီး ၀တ်ဆင်မှ တင့်တယ်သကဲ့သို့ ထို့အတူ သီလတည်းဟူသော အ၀တ်ကို ၀တ်ဆင်လိုသူသည် ရှေးဦးစွာ သံဃာ့ဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို သံဃဥပုသ် ဟုခေါ်သည်။

သီလ ဥပုသ်
ကိုယ်လုံးပေါ်မှန်ကို ထင်ထင်ရှားရှားမြင်အောင် ကြည့်ရူလိုသူသည် မှန်သားပြင်မှ မြူမူန်ချေးများကို စင်ကြယ်အောင် ပွတ်တိုက်ပြီး ကြည့်ရူမှ ထင်ထင်ရှားရှား မြင်နိုင်သကဲ့သို့ ထို့အတူ သီလတည်းဟူသော မှန်ကို ကြည့်ရူလိုသူသည် ရှေးဦးစွာ မိမိအမြဲစောင့်ထိန်းထားသည့် သီလဂုဏ်များကို ပွားများ ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင်ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို သီလဥပုသ် ဟုခေါ်သည်။

ဒေ၀တာ ဥပုသ်
အရောင်တောက်ပသည့် စိန် ရွှေ ရတနာ လက်ဝတ်တန်ဆာများ ဆင်မြန်းလိုသူသည် ရှေးဦးစွာ လက်ဝတ်ရတနာများကို ချေးများစင်ကြယ်အောင် အရောင်တင်ပြီးမှ ၀တ်ဆင်သကဲ့သို့ ထို့အတူ သီလတည်းဟူသော လက်ဝတ်ရတနာများကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ သဒ္ဒါ သီလစသော တရာများကို စောင့်ထိန်းခဲ့ကြသည့်အတွက် နတ်ပြည်ရောက်ကြရသည့် နတ်များကို စံထားကာ “ငါ့မှာလဲ ထိုနတ်များကဲ့သို့ သဒ္ဒါစသော တရားများရှိ၏” ဟု ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဒေ၀တာဥပုသ် ဟုခေါ်သည်။

No comments:

Post a Comment