Monday 27 February 2012

သင်ဘာကို ယုံကြည်ပါသလဲ ?..... ဖတ်ကြည်ရအောင်.....


ဘယ် ယုံကြည်မှု စနစ် ပုံစံမျိုးမှ မရှိပါဘူး။ ယုံကြည်မှု၊ ဘုရားသခင်ဝါဒ၊ နိယာမ၊ ဝါဒ စတာတွေလည်း မရှိဘူး။ အဲ့လို မရှိရခြင်း အကြောင်းကို ခင်ဗျား နားမလည်သေးဘူး- ဒိ့အတွက် နားလည်ချင်တယ် ဆိုရင်တော့ ကျနော် တစ်ခုပဲ ပြောနိုင်ပါတယ်။ ခင်ဗျား ဘာဝနာနဲ့ နေကြည့်ပါ။ နေ့စဉ် လှုပ်ရှား လုပ်ကိုင် နေရင်း ခင်ဗျား သန္တာန် မှာ တည်ငြိမ်သွားအောင်၊ တိတ်ဆိတ် သွားအောင် နေကြည့်ပါ။ ကျနော် အဲ့လိုပဲ ပြောနိုင်ပါမယ်။ အဲ့ဒီ အခါမှာ ခင်ဗျား အခုပြောတဲ့ ယုံတယ် မယုံဘူး ကိစ္စ တွေက အဖြေရှင်းသွား ပါလိမ့်မယ်။

ယုံတယ် ဆိုတာ ဟာ- တကယ်စင်စစ် ခင်ဗျား ကိုယ်တိုင် ကိုယ်ကျ မသိလည်း ယုံနိုင်ပါတယ်။ ကျနော် ရေးမိသလောက် ရှေ့ပို့စ် အပုဒ် ( ၂၀ ) ကျော် လောက် ဟာ – ခင်ဗျား သိချင်တဲ့ တစ်စုံတစ်ခု အပေါ် ခင်ဗျား မသိဘဲနဲ့ မယုံစေချင်ဘူး လို့ ပြောနေတာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျား က အဲ့တစ်ခုခု ကို သိပြီးပြီ ဆိုရင်လည်း – အဲ့တစ်ခုခု အပေါ် ယုံတယ် ၊ မယုံဘူး ဆိုတဲ့ ကိစ္စ၊ မေးခွန်းတွေ ပေါ်ပေါက် လာပါဦးမလား။ နားရှုပ် သွားပါသလား။

ဥပမာ တစ်ခု ပေးပါမယ်။ ကျနော် ခင်ဗျား ရှေ့မှာ လက်သီးဆုပ် ပြထားတယ် ဆိုပါစို့။ ကျနော့ လက်သီးဆုပ်ထဲမှာ ဇီးစေ့ တစ်စေ့ ထည့်ထားတယ် လို့ ခင်ဗျားကို ပြောမယ်။ ခင်ဗျား က ကျနော်နဲ့ ခင်မင်ရင်းစွဲ ရှိတာမို့ တစ်ခါတည်း တန်းပြီး၊ ယုံချင်လည်း ယုံသွားမယ်။ ဒါမှ မဟုတ် ခင်ဗျားက မယုံကြည်ပါဘူး ဆိုရင် ကျနော်က — ဒီလက်ဆုပ်ထဲကို ဘယ်အချိန်က ဘယ်လို ထည့်ခဲ့တာ၊ ငါ့လက်ကို ကြည့်- ငါ့လက်ထဲမှာ ဇီးစေ့မရှိဘဲ ငါ ဒီလို ကိုင်နေပါ့မလား၊ ငါစောန ကတည်းက ဇီးသီး စားနေတာ မင်းမမြင်ဘူးလား၊ ဇီးစေ့ ကို လွှတ်ပစ် လိုက်တာရော မင်းတွေ့လို့လား – ငါကိုင်ထားတုန်းပဲ ရှိသေးတယ် — စသဖြင့် ခင်ဗျား ယုံအောင် လှည့်ပတ်ပြောမယ်။ ကြောင်းကျိုး ယုတ္တိတွေ ခင်းပြမယ်။ နောက်ဆုံး ခင်ဗျား ယုံ သွားပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ဘဲ။ ကျနော်က လက်ဝါးဖြန့်ပြမယ် ဆိုပါတော့ ။ ကျနော့လက်ဝါး ပေါ်မှာ ဇီးစေ့ တွေ့မယ်။ အဲ့ဒီအခါ ငါ့လက်ထဲမှာ ဇီးစေ့ ရှိနေတာ မင်းယုံပါတော့—လို့ ကျနော် က ပြောပါမယ်။ တကယ်တမ်း ပြောစရာတောင် မလိုပါဘူး။ ခင်ဗျား ကိုယ်တိုင် မြင်သွားတာ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ကျနော် က ငါ့လက်ထဲမှာ ရှိနေတာကို မယုံနဲ့ကွ လို့ ပြောရင်တောင် ခင်ဗျား အသိကို ဖျောက်လို့ မရတော့ဘူးရယ် ။ ဘာလို့ဆို ခင်ဗျား ကိုယ်တိုင် မြင်လိုက် လို့ပဲ။

ဒါ့ကြောင့်မို့ ယုံကြည်မှု စနစ် အားလုံး ကို ကျနော် လက်မခံပါဘူး။

( အကိုးအကားလေး တစ်ခုခု ဖြစ်ဖြစ် ထည့်ပေးပါ လို့ ပြောထားတဲ့ အတွက် – ကျနော် တစ်ခု ကိုးကား ပါမယ် )

ဗုဒ္ဓဂေါတမ ဟောကြားခဲ့တဲ့ တရားတော်ရဲ့ ဂုဏ်ပုဒ်မှာ – ဧဟိ ပဿိက ။ ဧဟိ- လာပါ။ ပဿိက – ရှုလှည့်ပါ၊ ကြည့်လှည့်ပါ လို့ပဲ ပါပါတယ်။ လာပါ- ယုံပါလို့ မပြောထားပါဘူး။ ဒီစကားဟာ တကယ်စင်စစ် လက်တွေ့ကျတဲ့ စကား ဖြစ်ပါတယ်။ ငါ့တရားတော်ကို မယုံကြည်ရင် ဘာဖြစ်မယ် လို့ ပြောထားတာ မဟုတ်ဘူး။ ငါ့တရားတော်ကို မယုံကြည်တာ ယုံကြည်တာ အပထား၊ သိချင်ရင် လုပ်ကြည့်လှည့် လို့ ပြောထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ဘာသာရေး ( Religion ) ထဲ ထည့်မယ် ဆိုရင်- ကျနော် လက်လှမ်းမီသလောက် ဘာသာတရားတွေ ထဲမှာ ဗုဒ္ဓဘာသာ ဟာ လက်တွေ့အကျဆုံး၊ အရဲရင့်ဆုံး၊ အစမ်းသပ် အခံနိုင်ဆုံး၊ အပြတ်သားဆုံး နဲ့ အရှင်းလင်းဆုံး ဘာသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဗုဒ္ဓဘာသာ ဟာ မျက်ကန်း- ယုံကြည်မှု ၊ ကိုယ်တွေ့ မပါတဲ့ ယုံကြည်မှု ကို အခြေခံ ပြီး တည်ဆောက်ထားတာ မဟုတ်လို့ပဲ။ ဗုဒ္ဓဘာသာရဲ့ အခြေခံဟာ ကိုယ်တွေ့ မပါတဲ့ ယုံကြည်မှု မဟုတ်ဘူး။ မိမိ ကိုယ်တိုင်ကိုယ်ကျ ရရှိတဲ့ အသိ အမြင်ကိုသာ အခြေခံပါတယ် ။
from  zayya

No comments:

Post a Comment