Thursday, 22 September 2011

အိုဘယ် ယသော်ဓရာ မလွမ်းပါနဲ့တော့နော်။…………

ရဟန်းတော် သိဒ္ဒိတ္ထသည် မာဂဓတိုင်း ဘုရင်  ဗဗ္မိသာရ၏  ကမ်းလှမ်းချက်ကိုပင်  ပြတ်ပြတ်သားသား ငြင်းပယ်ချေပြီ။ သတင်းးကို  ကြားရသဖြင့် နောင်တော်သိဒ္ဓိတ္ထ နောက်ကြောင်းတဖန် ပြန်လာလေအုံမလားဟူသော မျှော်လင့်ချက်များ ဆုံးခန့်တိုင်သွားကြပြီ ဖြစ်ပေသည် ။ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာပဇာပတိဂေါတမီ တို့သည် သားတော်အတွက် ကျမျက်ရည်ကို နိုင်နိုင်သိမ်းဆည်းကာ နိုင်ငံတော်၏ တာဝန်များကို  ဆက်လက်ထမ်းဆောင်ကြရ၏။  သည်လိုနေရင်းက သားတော်၏  သတင်းစကားများကို  နားစွင့်၍နေကြရ၏ ။ဘုရာဗဗ္မိသာရ၏ ကမ်းလှမ်းချက်ကို  ငြင်းပယ် စဉ်က မိမိတို့ မျော်လင့်ချက် ပျက်ပြယ် ခဲရသည် မို့ ၀မ်းနည်းရသည် မှန်၏ ။သို့သော် သကျတို့၏ နိုင်ငံငယ်မှ မင်းသားတစ်ပါးသည် အ၀ှမ်းကျယ်စွာသော တိုင်းပြည် ကြီး၏ ကမ်းလှမ်းချက်ကို လည်း လက်မခံပါချေ။ ဤသည်မှာ မိမိတို့နိုင်ငံနှင့်  လူမျိုးကို  ဂုဏ်တင်ပေးရာရောက်သဖြင့် မျက်ရည် စက်လက်နှင့် ကျေနပ်ကြရ၏။  သားတော်အတွက်မျက်ရည်ကြားက ဂုဏ်ယူရသကဲ့ ချွေးမတော် ယသော်ဓရာ အတွက် လည်း မျက်ရည် တွေတွေစီးလျက် ပင်ဂုဏ်ယူကြရပါလေ၏။
လင်ပစ်မလေးတစ်ယောက်အဖြစ် မျက်နှာမငယ်ပါစေနှင့်တော့ဟု ဒေ၀ဒဟရှိ မိဘဆွေမျိုးများက မိဘရပ်ထံ ပြန်လာဖို့ ကမ်းလှမ်းကြပါ၏။ လူကိုယ်တိုင်လာ၍ ခေါ်ကြပါ၏။  ယသော်ဓရာ ကား ကပိလ၀တ်က လုံးဝမခွာ ။မောင်တော်သိဒ္ဓိတ္ထက မိမိနှင့်တကွ သားတော်ကိုပါ မတွယ်မတာ စွန့်ခွါသွားခဲသော်လည်း မိမိကိုယ်ကား ပိုင်ဆိုင်သူတစ်ယောက် ဟူ၍သာ သတ်မှတ်ထား၏။
တစ်ဦးသောသူက မပိုင်ချင် မဆိုင်ချင်တော့၍ လွတ်ရာ ကျွတ်ရာ သို့ မျက်နှာ လွဲ၍သွားခဲပါ၏ ။တစ်ယောက်သောသူကတော့ ထိုသူရှိရာသို့ မျက်နှာ မူကာ ထိုသူနှင့် တစ်စုံတစ်ရာ ပတ်သတ်နေသေးသကဲ့သို့ မှတ်ယူနေဘိ၏။
အလောင်းတော်မင်းသားသည်  ၀တ်ကြောင် ပုဆိုးကို  ပယ်စွန့်ကာ ဖန်ရည် ဆိုး အ၀တ်များဝတ်ဆင်ပြီဟု ကြားသိချိန်မှစ၍  သူကလည်း ဖန်ရည်ဆိုး အ၀တ်များကို  ၀တ်လာခဲ၏။
အလောင်းတော်မင်းသည် ညစာမစား နံနက်စာ တစ်ထပ်တည်းသာ စားတောကြောင်းသိရသည်တွင် သူကလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ထားသော ညစာကို မျက်နှာလွဲခ၏။
 အလောင်တော်မင်းသားက  ခုတင်ညောင်စောင်းမပါ၊  မြေပေါ်မှာအိပ်နေတော့သည် ဆိုသဖြင့် သူကလည်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ၏။   အလောင်တော်မင်းသည် ပန်းနံသာ လိမ်းကျံခြင်း မရှိတော့သဖြင့်  သူကလည်း မိန်းမတို့၏ သည်းခြေကြိုက် လိမ်းစရာ ခြယ်စရာများကို ပယ်စွန့်၍ ထားလိုက်၏။
မျက်ရည်များက ဂုဏ်ယူရသည့် ယသော်ဓရာ။ သည်လို ဂုဏ်ယူစရာ လင့်အပေါ် တွယ်တာလှသော ယသော်ဓရာကြောင့် ပင်လျင် လူကြီးမိဘများ ရင်ထုမနာ ဖြစ်ကြရပေသည်။ 
သူအတုကို လိုက်ပြီး ယခုလို ဆင်းရဲ အပင်ပန်းခံခြင်းဖြင့် သူနှင့် တစ်စုံတစ်ရာ အဆက်အသွယ်ရှိနေသေးသည် ဟု ထင်နေဟန်ရှိ၏။ သည်အထင် ဖြင့် ကိုယ်စိတ်ကို  ဖြေနေဟန်ရှိပါ၏။ စွန့်ခွါသူက ဥရုဝေလတောကြီးတွင် ယခုသဲကြီး မဲကြီး ကြိုးစားအားထုတ်၍ နေချေပြီ။ ဤသို့ ကြိုးစားခြင်းမှာ  သင်နှင့်တကွ  လောကကြီးတစ်ခုလုံးကို  အပြီးပိုင် ပယ်စွန့်နိုင်ရန်ဖြစ်၏။
အိုဘယ့် ယသော် ဓရာ  ၊အိုဘယ့် လွမ်းဆွတ်သူ။  ဤ အချက်မှာတော့ သင့်နှင့် အတူ လိုက်၍ ကျင့်နိုင်ပါဦးမည်လော့။။.................................................................

တက္ကသိုလ် မောင်သစ်။.......

No comments:

Post a Comment