Sunday, 28 August 2011

ဣတ္ထိယတောင်တန်းများကို ဖြတ်ကျော်ခြင်း

ပိုင်စိုးဝေကြီးရဲ့ ကဗျာစာအုပ်အမည်ကိုက “ဣတ္ထိယတောင်တန်း”တဲ့၊ လောကီဆန်လွန်းလှပါပေ့။ မာတုဂါမ အရိပ်တွေ ထင်းထင်းကြီးပေါ်နေပါရောလား။ ဗုဒ္ဓအရှင်နဲ့ ရှင်အာနန္ဒာတို့ရဲ့ ကုသိနာရုံနောက်ဆုံးစကားဝိုင်းမှာ မာတုဂါမအရေးကို ဆွေးနေခဲ့ကြတာ အမှတ်ရမိပါသေးတော့တယ်။ အဲဒီအကြောင်းကို “ကုသိနာရုံဆင်ဖိုနီ” ကဗျာရှည်မှာ ဒီလို ရေးမှတ်ခဲ့ဖူးရဲ့။

 
“ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့
“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။
“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။”
မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”

“အဒဿနံ အာနန္ဒ”

“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”

“အနာလာပေါ အာနန္ဒ”

“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”

“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”

ဒီဓမ္မဒိုင်ယာလော့ဂ်လေးကို အရှင်ဇနကာဘ၀ံသက အဖွင့်ကျမ်းတွေနဲ့ညှိနှိုင်းပြီး ဒီလို ရှင်းပြခဲ့တာပါ။

(၁။ အဒဿနံ။ မိမိ၏ ပရိယတ်ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင် ရလျှင် လောဘစိတ်လည်း မဖြစ်၊စိတ်လှုပ်ရှားမှုလည်း မဖြစ်၊ မိမိ၏ ပရိယတ်ပဋိပတ်တရားအပေါ်၌သာ စိတ်ဝင် စား၍နေသောကြောင့်“မမြင်ရခြင်း”ကို အကောင်းဆုံးအကျင့်အဖြစ် ပထမစည်းထားတော်မူသည်။ (နဂိုကပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူအတွက် မမြင်ရသော်လည်း စိတ်အားဖြင့်သွားနေမည်ဖြစ်သော ကြောင့် မမြင်ရ ရုံမျှကို အကောင်းဆုံးဟု ဆိုမရသေးပါ။)

၂။အနာလာပေါ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏၊ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှုဖြစ်တတ်၏။ ဖောက်ပြန် မှုဖြစ်လျှင် သီလပျက်၍ အပါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့်စကားမပြောခြင်းကို အကောင်းဆုံး အကျင့်အဖြစ် ဒုတိယစည်းထားတော်မူသည်။

၃။အာလပန္တေန။ မာတုဂါမက “ဒီနေ့ ဘာနေ့ပါလဲ” ဟုမေးလျှင် ပြန်ဖြေရလိမ့်မည်။“ သီလပေးပါ” ဟုတောင်း လျှင် ပေးရလိမ့်မည်။ “တရားနာလိုပါသည်”ဟု လျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။

စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ဤသို့ရဟန်းကောင်းများပြုထိုက်သောအလုပ်ဖြစ်၍ စကားမပြောဘဲနေသော ပုဂ္ဂိုလ်ကို“ဒီကိုယ်တော်ကအအကြီးပဲ၊” “ဒီကိုယ်တော်က အထိုင်းကြီးပဲ” ဒီကိုယ်တော်က စားပြီးတော့ ကြိုးနဲ့ တုပ်ထားသလိုထိုင်နေတာပဲ” ဤသို့စသည်ဖြင့် အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကား ပြောခွင့်ကြုံလျှင်--

၎။သတိ ဥပဋ္ဌာပေတဗ္ဗာ။ အမိလို့ သတိထားလိုက်၊ အမ နှမလို့ သတိထားလိုက်၊ သမီးလို့ သတိထားလိုက်။ ဤသို့သတိထားနိုင်လျှင် မေတ္တာစိတ်သာဖြစ်ဖို့ ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် စကားပြောခွင့်ကြုံလာလျှင်သတိထားဖို့ရာတတိယစည်းထားတော်မူသည်။(သုတ်မဟာဝါဘာသာဋီကာ၊ဒု၊၄၅၂။)

(၂)

ဒေသနာတော်မူရင်းကို စဖတ်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ ပြာသွားပါတယ်။ မာတုဂါမမကြည့်ရ၊ မာတုဂါမစကားမပြောရ ဆိုတော့လေ။ဝေးပြီပေါ့။သူ့မှာက ထသွားထလာတယ်လီဖုန်းလေးတစ်လုံးကလည်း ရှိပြန်၊ ဂူးဂဲလ်ချတ်တင်းအကောင့်လေးတစ်ခုကိုလည်း ဖန်တီးထားပြန်ဆိုတော့ ခက်ခက်ရချည်ရဲ့။ မပြောရတော့ ဘူးဆိုရင်တော့ ဗာရာဏသီမှာ ခါနာနိမ်း(စားစရာမရှိ)၊ ဂျကာနိမ်း(နေစရာမရှိ)ဖြစ်သွားချေမပေါ့။ မိခင်တွေ အမ နှမတွေနဲ့ စကားပြောရပေဦးမှာ မဟုတ်လား။

ရှင်အာနန္ဒာကို ကျေးဇူးတင်ကာ အခါခါဦးညွတ်မိပါတော့တယ်။ “မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား” တဲ့။ Woh Good Question! ပစ္စည်းလေးပါးအမှီအခိုရှာပြီး သာသနာ့ဝန်ထမ်းနေရတဲ့ ရဟန်းတစ်ပါးအတွက်ကတော့ ဒကာတွေ ကြည်ညိုရုံနဲ့ မပြီးဘဲကိုး။ ဒကာမတွေရဲ့ ယုံကြည်လေးမြတ်မှုကလည်း အရေးကြီးတဲ့ အခန်းက ပါနေခဲ့တာပါ။( အဟမ်း အဟမ်း ဆွမ်ခံကြွချိန်မှာ ဒကာမကြည်ညိုမှ ဟင်းကောင်းကောင်း စားခဲ့ရတာတော့ သေချာတယ်။)

ဝိပဿနာဒေသနာပြပြီး သံသရာငြီးငွေ့ကြောင်းတရားတွေ ဟောတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးကိုယ်တိုင် လည်း အဲဒါကိုတော့ ကောင်းကောင်းသဘောပေါက်ခဲ့လေသပေါ့။ ကမ္မဋ္ဌာန်းဆရာဟာ ကာမဂုဏ်ရဲ့ အပြစ်ကို ထောက်ပြရလေ့ရှိပါတယ်။ ဆရာတော်ဘုရားများနဲ့ အမျိုးသားယောဂီဆရာတွေရဲ့ ကာမဂုဏကထာမှာ မာတုဂါမတွေက ထိပ်တန်းခေါင်းစဉ်အဖြစ်ရှိနေတတ်ပါတယ်။ ရှောင်ကြကွင်းကြ ဖယ်ရှားကြလော့။

အမျိုးသမီးကမ္မဋ္ဌာန်းနည်းပြ ဆိုရင်တော့ ယောက်ျားတွေကို ကာမဂုဏ်ဇယားကွက်ထဲထည့်ပြီး နောက်နားမှာ တော့ “ ရှင်းလင်းဖယ်ရှားရန်” လို့ မှတ်ချက်ပေးထားမယ်ထင်ပါရဲ့။အဲဒီလိုမှ မဖယ်ရှားချင်သေးဘူး ဆိုရင်တော့ ဘလော့ဂါမိတ်ဆွေနာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်လို

ခုတော့ ဒီမှာလေ..
စိတ်လက်ခန္ဓာတွေ… အထပ်ထပ် တုပ်နှောင်ခံထားရ…
ရုန်းမရ… ဖယ်မရ…
တကယ်တမ်းက ပိုးသားမျှင်လေးတွေမျှ…။

ဒါနဲ့ပဲ နောက်ဆုံးတော့...
"ကျမချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်.. "ဆိုတဲ့
ကြည်အေးရဲ့ သစ္စာသစ်ကိုပဲ သီချင်းလုပ်ဆို...။” ဖြစ်ရချေဦးမပေါ့။

No comments:

Post a Comment