တစ်နေ့မှာတော့ ဥရုဝေလကဿပရသေ့ကြီးအတွက် ဘေးကြပ်နံကြပ်အတွေးကြပ်စေသောဖြစ်စဉ်တစ်ခုက ပေါ်လာသည်။ ရသေ့ကြီးက သာမန်တရားရှာဖွေနေသည့် သစ္စဂဝေသီသက်သက်မဟုတ်၊ အင်္ဂနှင့် မဂဓတိုင်း လုံးအနှံ့ကျော်ကြားသော ဘာသာရေးခေါင်းဆောင်ကြီးလည်း ဖြစ်နေပြန်သည်။ အင်္ဂနှင့် မဂဓတိုင်းလုံးအနှံ့ ပြည်သူပြည်သားများက ရသေ့ကြီးကို စုပေါင်းပူဇော်ကြဖို့ လာရောက်ကြမည်။
ရသေ့ကြီးမှာ အခက်ကြုံရသည်။ ရသေ့ကြီး၏ ကျောင်းသင်္ခန်းပရိဝုဏ်ထဲမှာ ဗုဒ္ဓအရှင် မားမားကြီးရှိနေသည်က ပြဿနာ။ ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် တစ်နေ့ထက်တစ်နေ့ တိုးတိုးမြင်လာရသော အစွမ်းအစများက ပရိသတ်အကြိုက်ဖြစ်သွားနိုင်သည်။ ငါ့ထက် ရဟန်းကြီးကို ပိုပြီး ကြည်ညိုသွားမှဖြင့်.........။ သည်ကြားထဲ ရဟန်းကြီးက တန်းခိုးအစွမ်းတွေ ပြနေမှဖြင့်......။ ပုထုဇဉ်တို့၏ နေ့စဉ်ဘ၀ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သော ကိုယ့်ထက်သာသူကို ပွဲမထုတ်လိုခြင်းဒုက္ခက ပူလောင်နေသည်။ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်း စိတ်ကျဉ်မြောင်းမှုများက ဖိစီးလှသည်။
သို့သော် ရသေ့ကြီးက စိတ်အခြေခံကောင်းသော သူတော်စင်တစ်ပါးဖြစ်နေပြန်သည်။ တိတိပပကြီး ၀ိုင်းပယ်ပစ် လိုက်ရန်လည်း လိပ်ပြာမလုံ။ “ရဟန်းကြီးမရှိရင် သိပ်ကောင်းမှာပဲ ”၊ ရသေ့ကြီးက သည်လိုပဲ တွေးနိုင်သည်။ ထွက်သွားပါ ဟုပြောရန်လည်း ကိုယ်တိုင်က နေထိုင်ဖို့ဖိတ်ကြားထားမိရက်သားဖြစ်နေသော ဧည့်သည်ကို ဆက်ဆံပြုမူရမည့် အမျိုးကောင်းသားတစ်ယောက်၏ ကျင့်ဝတ်မဟုတ်ပြန်။ ဥရုဝေလ ဆွေးသွားသည်။ သို့သော် ခြိမ့်ခြိမ့်သဲကျင်းပဖြစ်ခဲ့သော ဥရုဝေလပူဇော်ပွဲကို ဗုဒ္ဓအရှင်မပါဘဲ ရသေ့ကြီး ကြည်နူးပျော်ရွှင်စွာ ကျင်းပနိုင် ခဲ့ပါသည်။
ရသေ့ကြီး၏ စိတ်အကြံကို သိသော ဗုဒ္ဓအရှင်က ပူဇော်ပွဲမတိုင်မီမှာပင် ကျောင်းသင်္ခန်းလေးမှ ကြိုတင်ထွက်ခွာ သွားခဲ့ပါလေသည်။ ပွဲပြီးမီးသေဖြစ်ချိန်မှ ဗုဒ္ဓအရှင်က ဘာမှမဖြစ်သလို အေးအေးလူလူ ပြန်ကြွလာခဲ့သည်။ ဗုဒ္ဓအရှင်ကို ခရီးဦးကြိုပြုသော ရသေ့ကြီး၏ စကားက သူတို့နေ့စဉ်ဖြတ်သန်းမှုမှာ လောက၀တ်စကားဖြစ် နေခဲ့ပြန်သည်။ နားထောင်ကြည့်ပါဦး၊“ရဟန်းကြီး ယမန်နေ့က အဘယ့်ကြောင့် မလာသနည်း၊ စင်စစ်သော်ကား ကျွန်ုပ်တို့သည် “ ရဟန်းကြီး အဘယ်ကြောင့်မလာသနည်း ” ဟုပင် တွေးမိပါသေး၏။ ရဟန်းကြီးအတွက် ခဲဖွယ် ဘောဇဉ်များချန်ထားပါသေး၏” တဲ့။ သူ ပြုံးမိရပါသည်။ အော် ကြားနေကျစကား တစ်ခါတစ်ရံမှာတော့ ပြောမိရသည့်စကားမျိုးပေပဲ။ ဗုဒ္ဓအရှင်က ရသေ့ကြီး၏ စိတ်အမှန်ကို ပြောပြလိုက်သည့်အခါ “ခက်တော့တာပဲ ငါ့အကြံလည်း သိသကိုး”တဲ့။ သို့သော် လျှော့လို့တော့ မဖြစ်ပါ။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေး” ။
ဗုဒ္ဓအရှင်၏ (၄၅)၀ါသာသနာပြုခရီးလမ်းကြောင်းတွင် ဥရုဝေလရသေ့ကြီး၏ နောက်ဆုံးအချိန်ကို စောင့်မျှော် တော်မူရသည်မှာ လက်ပေါက်အကပ်ဆုံးနှင့် ကာလအရှည်ကြာဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဥရုဝေလ ရသေ့ကြီး အတွက်တော့ အချိန်ပေးရပါလိမ့်မည်။ သည်းခံရပါလိမ့်မည်။ ဥရုဝေလရသေ့ကြီး၏ နောက်မှာ ထောင်နှင့်ချီ သောရသေ့များ၊ အင်္ဂနှင့်မဂဓတိုင်းက အလွှာအသီးသီးက လူများရှိနေသည်။ အဓိကပစ်မှတ်ကို ထိဖို့ အရေးကြီး သည်။ သို့နှင့် ဥရုဝေလ၏ စိတ်နှလုံးတည့်တည့်ကို ဗုဒ္ဓအရှင်က မေတ္တာဖြင့် ချိန်ရွယ်တော်မူခဲ့သည်။
အမှန်တကယ်ပင် ဗုဒ္ဓအရှင်က သည်းခံတော်မူခဲ့သည်။ ဥရုဝေလကဿပရသေ့၏ နှလုံးသားနှင့် အသိဉာဏ် ရင့်မှည့်ချိန်ကို စောင့်ရန်အတွက် တန်ခိုးပြာဋိဟာပေါင်းသုံးထောင့်ငါးရာထက်မက ပြသခဲ့ရသည် ဟု ပိဋကတ် မှတ်တမ်းတွင် ဖော်ပြထား သည်။ သို့သော် ရသေ့ကြီးက လွယ်လွယ်အချိုးမပြောင်းမည့်သူတော့ မဟုတ်ခဲ့ပါ။ ငါ့လို ရဟန္တာမဟုတ်သေး ဟူသော မန္တာန်က ချိုမြိန်ဆဲပင်ဖြစ်ပါသည်။ ခပ်စပ်စပ်လေးပုတ်မှ ထိသွားနိုင်သည့် ပုဂ္ဂိုလ်မှန်းသိတော်မူသည့် ဗုဒ္ဓအရှင်က ပွင့်လင်းစွာမိန့်မြွက်ရတော့သည်။
ထို့နောက်မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို “ ကဿပ သင်ကား ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်နှင့်လည်း ပြည့်စုံသူလည်း မဟုတ်၊သင့်အား ရဟန္တာဖြစ်ရန်သော်လည်းကောင်း၊ အရဟတ္တမဂ်နှင့် ပြည့်စုံရန်သော်လည်းကောင်း ဖြစ်နိုင်သောအကျင့်လည်း မရှိ၊” ဟု မိန့်တော်မူ၏။ ထိုအခါ ဥရုဝေလကဿ ပရသေ့သည် မြတ်စွာဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” ဟု လျှောက်၏။
(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)
အော် ဥရုဝေလကဿပရသေ့ကြီးကတော့ အချိန်မီသွားခဲ့သည်ပဲ။ ပင်ကိုယ်က စိတ်ကောင်း စေတနာကောင်းရှာသော ရသေ့ကြီး...။ စိတ်နှလုံးမှာ ပုထုဇဉ်သွေးလေးက စိုနေတော့ ရိုးရိုးလေး မတွေးတတ်၊ လောကကို လောကအတိုင်းမရှုမြင်တတ်၊ မွေးမြူမိသည့် ဗြဟ္မစိုရ်မှာလည်း ကြောင့်ကြ စိုးရိမ်မှုများက ငြိကပ်နေသေးသည်၊ ခုတော့ ဗြဟ္မစိုရ်ကို ခိုင်ခံ့အောင် တည်ဆောက်ခွင့်ရသွားခဲ့ပြီ။ အရိယာသူမြတ်တို့၏ တုန်လှုပ်ခြင်းကင်းသော လင်းလက်စိုရွှမ်းသော ဗြဟ္မစိုရ်....။
ဘုရားရှင့်ခြေတော်ရင်းမှာ “ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” တဲ့။ ဗုဒ္ဓအရှင်၏ သာသနာပြုခရီး အောင်မြင်ခဲ့ပါသည်။ ဥရုဝေလကဿပရသေ့ကြီး၏ စိတ်နှလုံးတွင် ဓမ္မအရိပ်ထိုးကျသွားသည်နှင့် “ရသေ့ညီ နောင် ရှင်တစ်ထောင်ချွတ်ခန်း” ဆိုသော မှတ်တမ်းကြီးကို ပိဋကတ်ဆရာတို့ ကြည်နူးစွာ ရေးထွင်းနိုင်ခဲ့ကြ သည်။ အင်္ဂတိုင်းနှင့်မဂဓတိုင်းတွင် သာသနာ့အလံတံခွန်များက အေးမြငြိမ်းချမ်းစွာ တလူလူလွင့်နေခဲ့တော့ သည်။

(၄)
ပုထုဇဉ်ရိုးရာတွင် ဗြဟ္မစိုရ်တရားကို အစမ်းသပ်ခံနိုင်သည့်အဆင့်ရောက်အောင် ကြိုးစားရသည်မှာ ခက်ခဲလေ့ ရှိပါသည်။ ဒုက္ခသည်ကို သနားစုတ်သပ်မိတတ်သော်လည်း ကရုဏာတွင် အနှောင်အဖွဲ့ရှိပြန်သည်။ ဒုက္ခသည် လေးကို ဒုက္ခသည်လေး အတိုင်းပဲ သနားစဖွယ်နေစေချင်သည်။ ဒုက္ခသည်များ ရှေ့တိုးမလာရ....။ အောင်မြင် ပျော်ရွှင်သူကို လက်ခုပ်တီးမိပြန်တော့လည်း မုဒိတာမှာ နံရံရှိပြန်သည်။ အကျိုးစီးပွား ထိပါးလာနိုင်သည်ဟု မြင်မိသည်နှင့် လက်ခုပ်သံက ချက်ချင်းစဲသွားသည်။ လက်ခုပ်တီးလို့ကောင်းရုံမျှသာ အောင်မြင်စေချင်သည်။
တန်းတူ ရည်တူဟု မေတ္တာထားမိပြန်တော့လည်း မေတ္တာတရားက အလျားအနံအလျဉ်ရှိနေပြန်သည်။ ကျော်တက်သွားတာမျိုးတော့ မဖြစ်စေချင်ပြန်ပါ။ “ အတူတူပဲ နေပါကွာ” ဆိုတာမျိုးဖြင့် ဆွဲနှစ်ထားချင်သေးသည်။ သမာသမတ်ကျမှုကို မွေးမြူမိသော်လည်း ဥပေက္ခာ၏ ဦးတည်ချက်များက မျက်နှာလိုက်တတ်ပြန်သည်။ ငါနှင့် ငါ့အသိုင်းအ၀ိုင်းအတွက်ဆိုလျှင် ဥပေက္ခာက ယိမ်းချင်သည်။ အခြားသောသူတို့၏ အရေး အရာခေါင်း စဉ်များအတွက် ဥပေက္ခာက ခပ်စိမ်းစိမ်းဖြစ်နေတတ်ပြန်သည်။ အမည်ခံဗြဟ္မစိုရ်ကိုပဲ နေ့စဉ်မွမ်းမံ နေကြရသည်ပဲလေ။
ဗြဟ္မစိုရ်တရားအကြောင်း ပြောဖြစ်ကြသည့်အခါ ဗုဒ္ဓအရှင်နှင့် ဥရုဝေလကဿပရသေ့ကြီးကို သတိရနေတတ် သည်။ ဗုဒ္ဓအရှင်က ရသေ့ကြီးကို သနားတော်မူသည်၊ ရသေ့ကြီးကလည်း ဗုဒ္ဓအရှင်ကို အထင်ကြီးပါသည်၊ သို့သော် ခပ်ပါးပါးလေးသာ၊ သိမြင်ထားသော ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးများကို ဖော့ပစ်လိုက်ချင်သည်။ အသိအမှတ်ပြုရမှာ ၀န်လေးခဲ့ခြင်းပင် ။ သို့သော် ဗုဒ္ဓအရှင်၏ အစမ်းသပ်ခံမဟာကရုဏာတော်က ဥရုဝေလရ သေ့ကြီး၏ ယိုင်နဲ့သော မုဒိတာကို ခိုင်မတ်သွားအောင် ပဲ့ပြင်ထိန်းကျောင်းနိုင်ခဲ့ သည်။
ရသေ့ကြီးကတော့ အစစ်အမှန်ဗြဟ္မစိုရ်ဆီသို့ ကူးပြောင်းသွားနိုင်ခဲ့သည်။ အစမ်းအသပ်ခံနိုင်သော ဗြဟ္မစိုရ်ဖြင့် ရဲရင့်သွားခဲ့သည်။ ရသေ့ကြီး နောက်မကျခဲ့ပါ။ လွတ်မြောက်ရာလမ်း ဖြူးဖြောင့်သွားသည်။ သို့သော် ဥရုဝေလကဿပရသေ့ကြီး၏ ဥရုဝေလတောအုပ်လေးထဲက ပုံရိပ်များက နေ့စဉ်ဘ၀ထောင့်ချိုးအသီးသီးမှာ တွေ့တွေ့ နေရသည်။ ဥရုဝေလမိတ္တူများ.....။ အသိအမှတ်ပြုခြင်းကင်းသော ဆက်ဆံရေးများ....။
ထိုသို့ဖြင့် နွေးထွေးသောမိသားစုထမင်းစားဝိုင်းလေး အေးစက်သွားရသည်၊ နေ့စဉ်ထိုင်နေကျ လက်ဘက်ရည် ဆိုင်လေးဆီ ရောက်မလာတော့သည့်မိတ်ဆွေကို မျှော်နေမိတတ်သည်။ ပြန်ဆုံမယ့်ညနေခင်းဆီမှာ အသည်းကွဲ သီချင်းသာ ဆူညံသွားခဲ့သည်။ စာသင်ခန်းလေးထဲက ပျော်ပျော်လွင်လွင်ရယ်သံများ ဆိတ်သုဉ်းသွားခဲ့သည်။ ပျောက်ဆုံးနေသော နားလည်မှုများ ...တွန့်တိုလွန်းသော အသိအမှတ်ပြုမှုများ...။
အကြောင်းအရာ အ၀န်းအ၀ိုင်းကြီးလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းကင်းမဲ့မှု၏ အကျိုးဆက်များက ခါးသက် လာတတ်သည်။ စားပွဲဝိုင်းပေါ်မှာ ပွင့်လင်းစေ့စပ်ရမည့်စကားလုံးများက သွေးသံရဲရဲစစ်မြေပြင်ထဲ ယမ်းခိုး ဝေ့သောကျည်ဆံများဖြစ်သွားတတ်သည်။ ကမ္ဘာ့စစ်မီးလျှံများနှင့် အဆက်မပြတ်ငိုသံများ အုံကျင်းဖွဲ့ပေါက်ကွဲ နေသည်။ အသိအမှတ်ပြုဖို့ နှောင့်နှေးခြင်းက အရာရာ နောက်ကျဖို့သာဖြစ်သည်။
ထိုသို့ဖြင့် မိသားစုလေးနွေးထွေးဖို့ အပြုံးတွေ နောက်ကျခဲ့ပါသည်။ ရပ်ရွာမြို့ပြများအေးချမ်းသာယာဖို့ ကမ်းသောလက်တွေ နောက်ကျခဲ့ပါသည်။ တိုင်းနိုင်ငံတည်ထောင်ဖို့ မျက်နှာချင်းဆိုင်စကားဝိုင်းတွေ နောက် ကျခဲ့ပါသည်။ ကမ္ဘာမြေငြိမ်းချမ်းရေးအတွက် သံလွင်ခက်ကို ကိုက်ချီလာသည့် ချိုးဖြူငှက်လေး နောက်ကျခဲ့ပါ သည်။
နောက်ဆုံးတော့ “ကိုယ့်ထက်သာ မနာလို” ဆိုသော စကားလုံးကို လူယဉ်ကျေးတို့ကမ္ဘာမှ ထုတ်ပယ်မပစ် နိုင်သေးသမျှ ဥရုဝေလမိတ္တူများက သူ့ပြတင်းတံခါးမှန်ချပ်များကိုလည်း ထိမှန်ပေါက်ကွဲလာနိုင်ကြောင်း ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်ကရော....။ ဘာပဲဖြစ်ဖြစ် သူ့နှလုံးသားနှင့် သူ့အသက်ရှူသံ တစ်နေရာ ရာတွင် ကပ်ညပ်နေနိုင်သည့် ဥရုဝေလမိတ္တူစများကို ရှာဖွေမီးရှို့ဖျက်ဆီးနိုင်အောင် ကြိုးစားရဦးမည်ပဲ။

ဓမ္မဂင်္ဂါ မှ ပေးပိုပါသည် . မေတ္တာဖြင့် တက္ကသိုလ်မောင်သစ်
No comments:
Post a Comment