Wednesday, 25 January 2012

တိတ်ဆိတ်ငြိမ်သက်ခြင်း မှ ရှိသော အကျိုး


စိတ်ကူး အတွေး အားလုံး ဟာ ဝေါဟာရ ၊ စကားလုံး တွေ ချည်းသာ ဖြစ်ပါတယ်။ လူအများစု ရဲ့ အသိမှာ - အဲ့ဒီ စိတ်ကူး အတွေးအကြံ၊ အတွေးအခေါ် တွေသာ အရှင်သခင် ဖြစ်တယ်။ ဒါ့ကြောင့် လူသားတွေ ဖန်တီးတဲ့ ဝေါဟာရတွေဟာ အဲ့ဒီ အတွေးအကြံ ဘောင် အတွင်းမှာပဲ တည်ရှိ နေရတယ်။ ခင်ဗျား စိတ်ကူး၊ တွေးခေါ်နိုင် ရင် - အဲ့ဒီ တွေးခေါ်သမျှ ခင်ဗျား ပြောပြ နိုင်ပါတယ်။ သင်္ကေတ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖော်ပြနိုင်နေတယ်။

ဒါဆို အဲ့အတွေးအကြံတွေ ပယ်ပျောက် သွားတဲ့ အခါ၊ ချုပ်ငြိမ်းသွားတဲ့ အခါ ဘာဖြစ်မလဲ။ သူတို့ကို ကျော် လွန် ဖောက်ထွက် သွားတဲ့ အခါ - အတွေးတွေရဲ့ နောက်မှာ - ဘာသာစကားတွေ မဲ့ကုန် ပါတယ်။ ဝေါဟာရတွေ ပျက်သုဉ်း သွားတယ်။ ဆိုလိုတာက - အားလုံး ပျက်သုဉ်းနေတဲ့ တိတ်ဆိတ်မှု မျိုး ဖြစ် သွား တယ်။ ( ဒီစကား ကလည်း အတိအကျမမှန်ပါဘူး ၊ တိတ်ဆိတ်မှု ပါ ရှိမနေတဲ့ တိတ်ဆိတ်မှုမျိုး )

တကယ်တမ်း အဲ့ဒီ အဖြစ်ဟာ ကျနော်တို့ ခင်ဗျား တို့ သန္တာန်မှာ အမြဲ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ပြန်ငုံ့ မကြည့် ခဲ့ဘူး။ ပြန်မမြင်နိုင်ခဲ့ ဘူးရယ်။ ဘာလို့ဆို လူ့အဖွဲ့အစည်းက ၊ အရေးအရာ ပေါင်း သောင်းခြောက်ထောင်က၊ ခင်ဗျား ရဲ့ အစွဲအလမ်းတွေက၊ နောက်ဆုံး ခင်ဗျား ကိုယ်တိုင်က - ခင်ဗျား အဲ့လို တိတ်ဆိတ် သွားတာမျိုး ကို အဖြစ်မခံဘူး။ အမြဲတမ်း စကားလုံးတွေ ဖြည့် ထည့်တယ်။ စကားလုံးတွေ၊ ဝေါဟာရတွေ တွဲစပ် ဖွဲ့စည်းတယ်။ ကြီးမြတ်တဲ့ အတွေး အခေါ် ကြီးတွေ တည်ဆောက်တယ်။ အဆုံးသတ်မှာ အတွေးအခေါ် မရှိရင် လူ မဟုတ်ဘူး လို့ စွဲစွဲမြဲမြဲ ထင်မြင် လာစေတယ်။ အဲ့လိုနဲ့ ခင်ဗျား ကိုးကွယ် လိုက်တဲ့ တစ်ခု တည်းသော အရာဟာ ခင်ဗျားရဲ့ “စိတ်” ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။

ဘာဝနာ ကတော့ အဲ့လို မဟုတ်ဘူး။ ခင်ဗျားကို ဘယ်ကိုးကွယ်မှုမှ မပေးဘူး။ အခု ခင်ဗျား ကိုးကွယ်နေတဲ့ “ခင်ဗျား စိတ်ကူး၊ အတွေး၊ စကားလုံး” တွေကို သတ်ပစ် တယ်။ ခင်ဗျား ရဲ့ အရင်းအကျဆုံး နေရာကို ရှင်းလင်း ထုတ်ပေးတယ်။ တကယ် စင်စစ် ခင်ဗျားဟာ ဘာလဲ လို့ လမ်းပြပေးတာ သက်သက်ကို ဘာဝနာလို့ ကျနော် ခေါ်ဆိုပါတယ်။ ဘာဝနာနဲ့ နေထိုင်လာတဲ့ အခါ ခင်ဗျား အတွက် စကားလုံး မဲ့လာပါတယ်။ ခင်ဗျား အတွက် - ခင်ဗျား နေထိုင်မှု သက်သက်မှာ စကားလုံး ဝေါဟာရ ဘောင်တွေက ကင်းလွတ် သွားတယ်။ တိတ်ဆိတ် နေတဲ့ သန္တာန် သာ ကျန်နေရစ် တယ်။ ဒါဟာ ဖန်တီး လုပ်ယူတဲ့ အခြေအနေ မဟုတ်ပါဘူး။ ခင်ဗျား ရဲ့ မူရင်း သဘာဝ ကို ပြန်ရှာတွေ့ရှိတာ မျိုး သက်သက်ပါ။
....................တကာတော် ဇေယျာမှ ပူဇော်ပါသည်။

No comments:

Post a Comment